အာဏာသိမ်းစစ်ခေါင်းဆောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရယူထားသောအာဏာအား တိုင်းပြည် ငြိမ်းချမ်းရေးအတွက်သာ အကျိုးရှိရှိအသုံးချရန်နှင့် ငြိမ်းချမ်းရေးကို စစ်မြေပြင်တွင် မရှာဖွေရန် KIO ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

ယနေ့ကျရောက်သည့် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီးအင်ဘန်လက ယခုလိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ငြိမ်းချမ်းရေးကို စစ်မြေပြင်တွင် မရှာဖွေဘဲ ရယူထားသော အာဏာကိုနိုင်ငံငြိမ်းချမ်းရေးအတွက်သာ အကျိုးရှိရှိအသုံးပြုသွားရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံရေးပါတီများအနေဖြင့်လည်း ပြည်သူကို ကိုယ်စားပြုလျှက် ပြည်သူ၏အကျိုးအတွက် ခိုင်မာသည့် နိုင်ငံရေး ရပ်တည်ချက်ဖြင့် ရပ်တည်နေရန်လိုအပ်ပြီး စစ်ကောင်စီအတွက် ရပ်တည်နေသည့် နိုင်ငံရေးပါတီများကလည်း အာဏာရှင်စနစ်နှင့်အတူ ကျဆုံးသွားခြင်း မရှိစေရန် ပြောင်းလဲသင့်ကြောင်း မိန့်ခွန်းတွင် အကြံပြုလိုက်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှုပြဿနာများတွင်လည်း စစ်အင်အား လက်နက်အင်အားဖြင့် နယ်မြေသိမ်းပိုက်ရရှိနိုင်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ထောက်ပံ့မှုလိုအပ်သည်ကို သိရှိနားလည်ထားရန်လိုအပ်ပြီး နယ်မြေပိုင်ဆိုင်မှုအငြင်းပွားခြင်းသည် ဒေသခံပြည်သူများအကြား ပဋိပက္ခ ပိုမိုဖြစ်ပွားလာနိုင်သောကြောင့် လက်ရှိအချိန်တွင် အဆိုပါနယ်မြေအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အချင်းချင်း လေးစားအသိအမှတ်ပြုကာ ဘုံရန်သူကိုအဓိကထား တိုက်ထုတ်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးမှာ‌ အရေးကြီးဆုံးဖြစ်ပြီး အချင်းချင်းရိုင်းပင်းကူညီကာ အချင်းချင်းကြား ပြဿနာများ မဖြစ်ပွားအောင် အားလုံးသတိထားရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
တော်လှန်ရေးကာလ ၆၄ နှစ်တာအတွင်း အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော ပေးဆပ်ခဲ့ကြသောတပ်ဖွဲ့ဝင် များစွာရှိပြီး မိမိတို့၏မျိုးဆက် အနာဂတ်အတွက် ဆက်လက်ကြိုးစားကြရန်နှင့် များမကြာတော့သည့်ကာလတွင် အောင်မြင်တော့မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ