ကန့်ဘလူမြို့နယ်၊ ချင်းမြစ်ကျင်း – ကာဘိုးလမ်းပိုင်းကို ကင်းယူရန်ထွက်လာသော စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိသဖြင့် အနီးအနားရှိကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် ဝင်ရောက်မီးရှို့ခြင်းများပြုလုပ်ခဲ့ရာ ပြည်သူသုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ညောင်ပင်ဆိပ်ရွာအနီးတွင် ယမန်နေ့ နံနက် ၈ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အနီးရှိ ကျေးရွာခြောက်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ငါးရာနဲကျေးရွာဒေသခံပြည်သူ ၃ ဦးသေဆုံးကာ ငါးဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

 

“သူတို့တိုက်ခံရလို့ လာပစ်တာဟုတ်တယ်ဗျ။ အနီးအနားမှာရှိတဲ့ရွာတွေကို ဒရုန်းနဲ့ချတာ ဆယ်လုံးကျော်တယ်။ သေဆုံးတွေကတော့ ဆေးရုံပို့တဲ့အချိန်လမ်းမှာဆုံးတာပါ။ အဲ့စစ်ကြောင်းက နေ့ခင်းဘက်ကို ကင်းထွက်ပြီးညပိုင်းကို ချင်မြစ်ကျင်းဘက်ပြန်ပါတယ်။ အဝင်အထွက် အမြဲလုပ်နေတဲ့ စစ်ကြောင်းပါ” ဟုပြောသည်။

 

စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် ယမန်နေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ ငါးရာနဲကျေးရွာ၊ ဖလုံချိုင်ကျေးရွာ၊ သရက်ခေါင်းကျေးရွာ၊ ရင်ငတ်ကုန်းကျေးရွာ၊ လက်ထုတ်ကုန်းကျေးရွာနှင့် ပေကြီးကျေးရွာတို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာများမှ အသက် ၃၀ ကျော်အရွယ်နှင့် အသက် ၆၀ ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်။

 

ထို့နောက် ကျီးကုန်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းအင်အား ၂၀ ခန့်ပါစစ်ကြောင်းက သပိတ်မှောက်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၃၇ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ နံနက် ၈ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစစ်ကြောင်းမှာ ချင်မြစ်ကျင်းကျေးရွာ အထိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

 

အဆိုပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး G3 သေနတ် ၃ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ ကျည်ဘောက် ၁၂ ဘောက်နှင့် ကျည်ဆန်အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း – ၄ က သတင်းထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ကျီကျင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး၊ သံဃာ တစ်ပါးအပါအဝင် ငါးဦး သေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သတင်း – Dureng

ပုံ – ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်

သင့်ထင်မြင်ချက်ရေးပေးပါ