ဗန်းမော်မြို့သိမ်းတိုက်ပွဲ နှစ်လတာအတွင်း စစ်ကောင်စီတပ်စခန်း ၃ ခုထက်မနည်းသိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်က မြို့မကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုဖြင့် အပြင်းအထန်ခုခံနေကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က သံချပ်ကာတပ်ရင်း၊ အမြောက်တပ်နှင့် ဗန်းမော်လေဆိပ်တို့ကို သိမ်းပိုက်ထားပြီး ကျန်တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။
“သိမ်းနိုင်တာကတော့ မံစီဘက်ကတပ်ရင်း ၃ ခုရှိပါတယ်။ နောက်ဗန်းမော်ဘက်က အမြောက်တပ်တွေ သိမ်းတာရှိပါတယ်။ သံချပ်ကာတပ်တွေသိမ်းတာရှိပါတယ်။ တခြားတပ်ကတိုက်ခိုက်ရေးတပ်တွေ သိမ်းတာတော့ မရှိပါဘူး။ အခုလောလောဆယ်ကတော့ စ.က.ခ ၂၁ တို့ပေါ့နော်။ ခ.လ.ရ ၂၃၆ အဲဒီဘက်မှာတော့ အပြင်းထန်ဆုံးဖြစ်ပါတယ်” ဟုဆိုသည်။
KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှစတင်ကာ မံစီနှင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် နှစ်လပြည့်ပြီ ဖြစ်သည်။
စစ်ဆင်ရေးနှစ်လတာအတွင်း မံစီမြို့ရှိ ခ.လ.ရ (၃၁၉)၊ ခ.မ.ရ (၆၀၁)၊ လက်နက်ကြီးတပ် (၃၅၂)နှင့် ဗန်းမော်မြို့ရှိ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ အမြောက်တပ် အမတ-၃၆၆ နှင့် လေဆိပ်တို့ကို သိမ်းပိုက်ခဲ့သည်။
လက်ရှိ ဗန်းမော်မြို့တက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားသည့် တပ်မ ၈၈ ကာကင်းစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုခန့် ကျန်ရှိနေပြီး နေ့စဉ်လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ကာခုခံနေကြောင်း သူကဆက်ပြောသည်။
“တစ်နေ့ကိုတော့အနည်းဆုံး လေယာဉ်လာတာတောင်မှဆယ်ခါကျော်။ ဗုံးကြဲတာကတော့ သုံး၊ လေးဆယ် ကြဲတာ။ ဘာတောင်မှ မှတ်တမ်းတင်လို့လည်းမဖြစ်ဘူး” ဟုဆိုသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ ၂၁) ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် KIA ပူးပေါင်းတပ်က ကာကင်းစခန်းများကို သိမ်းပိုက်ရရှိထားပြီး ဆက်လက်ထိုးစစ်ဆင်နေကြောင်း KIA အရာရှိတစ်ဦးက ဆိုသည်။
“စ.က.ခ (၂၁) ရဲ့ကာကင်းတွေတော့ရှင်းလိုက်ပြီ။ ကျွန်တော် အခုနောက်ဆုံး update ရတာက သူတို့ရဲ့ ဌာနချုပ်ထဲကိုဝင်နိုင်ပြီလို့ကြားတယ်။ အပြီးသတ်သိမ်းပိုက်ရရှိတယ်လို့တော့ မကြားသေးဘူး။ သုံးချိုးတစ်ချိုးဝင်နေပြီလို့ကြားတယ်။ စစ်သားတွေထွက်ပြေးသွားတယ်လို့ပြောတယ် တချို့ကတော့ လက်နက်ချလာတယ်” ဟုဆိုသည်။
စ.က.ခ ၂၁ ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုမစတင်မှီ ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ်အတွင်းက အနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်များကို စစ်ကောင်စီတပ်က ဒရုန်းများအသုံးပြုကာမီးရှို့ဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်မှစတင်ကာ ဒေသခံပြည်သူထောင်နှင့်ချီ မြို့ကိုစွန့်ခွာကာ တိမ်းရှောင်နေကြပြီး စားဝတ်နေရေးအတွက်ဘ အရေးပေါ်အကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
သတင်း – Thu Ta၊ Dureng