မြစ်ကြီးနားမြို့ပြင်၊ နောင်နန်းအုပ်စုတွင် ညအချိန် လမ်းမပေါ်လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သွားဖြတ်လာပြည်သူအချို့ကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကိုရိုက်နက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ ဒေသအခေါ် ဂျော်ဘွမ်လမ်းခွဲတွင် ပြီးခဲ့သည့် ဖေဖော်ရီ ၂ ရက်နေ့ညက စစ်ဆေးရေးပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသူများမှ တစ်ဦးကို ရိုက်နက်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဂျော်ဘွမ်ကနေ လမ်းမကြီးဘက်ကိုဆင်းလာတာ။ စစ်ကောင်စီတွေက လမ်းမပေါ်မှာရှိနေတာ အဲ့မှာဖမ်းပြီး စစ်တာ။ သေနတ်နဲ့လည်းချိန်တယ် သေနတ်ဒင်းနဲ့လည်း ခေါင်းမှာထုပေးတယ်။ သူတို့ထုပေးလို့ သွေထွက်သွားတော့ နည်းနည်းကြာတော့ သူတို့ကားပေါ်က အဝတ်ပြန်ယူပြီး ခေါင်းမှာဖုံးခိုင်းထားတယ်” ဟုပြောသည်။
အဆိုပါအမျိုးသားမှာ ဦးခေါင်ညာဘက်ခြမ်းတွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သွားဖြတ်လာ ပြည်သူ ၆ ဦးခန့်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ည ၁၁ နာရီခန့်တွင် ပြန်လွတ်ပေးခဲ့ကြောင်း ဖမ်းဆီခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ကျမ်းစာသင်ကျောင်းဝင်းရှေ့မှာ သူတို့ကတားပြီးမှ ဘယ်ကပြန်လာတာလဲဆိုတာတွေ မေးတယ်။ ဖုန်းပါလား။ လွယ်အိတ်တွေစစ်ဆေးတယ်။ ပြီးရင်ကားလမ်းကိုမကြည့်နဲ့ဆိုပြီး ဒီတိုင်းကားလမ်းဘေးမှာထိုင်ခိုင်းထားတယ်” ဟုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များက ည ၉ နာရီခန့်မှစတင်ကာ ကချင်ဓမ္မတက္ကသိုလ် (KTCS) ကျောင်းရှေ့တွင် အိမ်စီးကားနှစ်စီးဖြင့် လာရောက်လုံခြုံရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ည ၁၁ နာရီခွဲခန့်တွင် ဆွမ်ပရာဘွမ်လမ်းမပေါ် နောင်နန်းကျေးရွာအထက်ရှိ လမုန့်ဇွပ်ကျေးရွာကို အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကားသုံးစီးရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မီးပျက်တဲ့အချိန် ၁၀ နာရီလောက်ကနေလှုပ်ရှားပြီ။ လက်နက်ကြီးကိုလည်း မြစ်ကြီးနားကနေသယ်လာတယ်ထင်တယ်။ ထကြည့်တော့ အင်ခိုင်ဘွမ်ဘက် မီးလုံးတွေပျံသွားတယ်။ စစ်ဖြစ်ပြီတောင်ထင်သွားပြီး အထုပ်တွေတောင်ပြင်လိုက်တယ်” ဟုပြောသည်။
လက်နက်ကြီး ခြောက်ကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘီးလုံးတပ်ဆင်ထားသည့် လက်နက်ကြီးအမျိုးအစားဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု တွေ့ရှိသူများက ပြောကြောင်း သူကပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် ၁ နာရီခန့်တွင် လက်နက်ကြီးအပါ ကားနှစ်စီးဖြင့် မြစ်ကြီးနားမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ယခုရက်ပိုင်း စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းသို့ အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး ဇန်နဝါရီ ၂၉ ရက်နေ့ညက မြစ်ဆုံအနီးရှိ အောင်မြင်သာကျေးရွာနှင့် ကျိန်ခရန်ကျေးရွာတို့တွင် ညအိပ်တပ်စွဲသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်ခိုင်ဘွမ်သို့ ထွက်ခွာသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ကလည်း မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းရှိ ဝေရှီကျေးရွာအနီး စစ်ကောင်စီတပ်နှင့် KIA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း – Sin Li
ပုံ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြစ်ကြီးနားမြို့တွင်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
သင့်ထင်မြင်ချက်ရေးပေးပါ