စစ်ကောင်စီတပ်က ဇန်နဝါရီ တစ်လအတွင်း ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့သဖြင့် ပြည်သူ ၃၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအများဆုံးမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က တနိုင်းမြို့နယ်၊ လပူခမှော်အနီးရှိ စံလွန်မှော်တွင် ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၂၀ ဦးသေဆုံးခဲ့ကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဗုံးကျရောက်ပေါက်ကွဲခဲ့သောနေရာမှာ ရွှေမှော်အတွင်းမှ ဈေးဆိုင်တန်းအနီးရှိ တည်ခိုခန်းတစ်ခုရှေ့တွင်ဖြစ်ပြီး မြေကြီးတွင် လေးပေခန့်အနက်ရှိသည့်ကျင်းဖြစ်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
“တည်းခိုခန်းရှေ့တည့်တည့်မှာလာကျတာ၊ အဲ့မှာထမင်းစားနေတဲ့သူတွေ အားလုံးသေသွားတယ်။ တည်းခိုခန်းတွေအားလုံး ပြောင်သလင်းခါသွားတယ်။ ပိုင်ရှင်လည်းသေသွားတယ် သူ့သားပဲ ကျန်တယ်။ တောင်ရာခုတ်ထားသလိုပဲ အားလုံးပြောင်သွားတာ။ နေအိမ်ရှစ်အိမ်လောက် ပါသွားတယ်” ဟုပြောသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ လူနေရပ်ကွက်များကို ဇန်နဝါရီ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က စက်သေနတ်ဖြင့် ပစ်ခတ်ပြီး လေယာဉ်မှ ဗုံးခုနစ်လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ကို တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့သဖြင့် ဇန်နဝါရီလ နောက်ဆုံးအပါတ်တွင် ဒေသခံပြည်သူများက နီးစပ်ရာမိသားစုများစုဖွဲ့ကာ နေအိမ်ခြံဝင်းအတွင်းနှင့် ရွာအနီးတစ်ဝိုက်ရှိ ကမ်းပါးများတွင် ကတုတ်ကျင်းများတူးဖော်ခဲ့ကြကြောင်း သိရသည်။
မံစီမြို့နယ်၊ ဒိန်ဆိန်းပါရှိ စစ်ရှောင်စခန်းတစ်ခုကိုလည်း ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ရှောင်တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ယခုဖော်ပြခဲ့သည့်ဖြစ်စဉ်များမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်များကို The 74 Media က စုစည်းထားသောအချက်အလက်များအပေါ် အခြေခံကာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်ကာ တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များကို ထည့်သွင်းထားခြင်းမရှိပါ။
လက်ရှိအချိန်တွင်လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က တပ်စခန်းတစ်ခု သိမ်းပိုက်ခံရတိုင်း KIA ထိန်းချုပ်နယ်မြေများနှင့် ဌာနချုပ် လိုင်ဇာမြို့အနီးသို့ လေကြောင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
သတင်း – Dureng
ပုံ – ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က တနိုင်းမြို့နယ်၊ စံလွန်မှော် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည်များကို တွေ့ရစဉ်