ဗန်းမော်မြို့လေဆိပ်ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် လေဆိပ်ပေါင်း ၆ ခုအထိရှိလာပြီဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် လေဆိပ် ၂ ခုစီ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှ လေဆိပ် ၁ ခုစီတို့ကို တော်လှန်ရေးတပ်ဖွဲ့များကသိမ်းပိုက်ထားခြင်းဖြစ်သည်။

 

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိလေဆိပ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တည်ဆောက်ရေးလုပ်ငန်း ရပ်နားထားခဲ့သောကြောင့် ဆောက်လုပ်ဆဲအဆင့်တွင် သိမ်းပိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း လေဆိပ်တည်ဆောက်ရေး လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

 

“အပိုင်းအပိုင်းနဲ့ ပြေးလမ်းတွေ တချို့အပိုင်းမှာကျောက်ခင်းပြီးပြီ။ ကျောက်စရစ်လောင်းပြီးမှ ကတ္တရာတစ်လွှာ အဲဒီပုံစံနဲ့ထားတဲ့ဟာတွေလည်းရှိတယ်။ လေဆိပ်ကပြောရမယ်ဆိုရင်တော့ ၉၁ ရာခိုင်နှုန်းပြီးထားတယ်။ အာဏာသိမ်းတာနဲ့ ဆက်လုပ်ဖို့အဆင်မပြေတော့တာနဲ့ ကျွန်တော်တို့ရပ်နားလိုက်ရတယ်” ဟုဆိုသည်။

 

ချင်းတော်လှန်ရေးတပ်များသိမ်းပိုက်ထားသော အခြားလေဆိပ်တစ်ခုမှာ ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ်ဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အတွင်း စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ် မေလကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

သို့သော် ကိုဗစ် – ၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် ယနေ့အချိန်အထိ ခရီးသည်လေကြောင်းလှိုင်း ပြေးဆွဲမှုများမရှိကြောင်း ဖလမ်းဒေသခံများကဆိုသည်။

 

လက်ရှိအချိန်တွင် ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီ ခ.လ.ရ ၂၆၈ တပ်စခန်းတစ်ခုသာကျန်ရှိပြီး ကာကင်းစခန်များအားလုံးကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ရှိ သံတွဲလေဆိပ်ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင်သိမ်းပိုက်ခဲ့သည်။

 

သံတွဲလေဆိပ်မှာ နာမည်ကျော် ငပလီကမ်းခြေနှင့် ၃ မိုင်ခန့်အကွာတွင်တည်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်က ထိန်းချုပ်နိုင်ခဲ့သည့် ပထမဦးဆုံးသောလေဆိပ်လည်းဖြစ်သည်။

 

အာရက္ခတပ်တော် (AA) မှ ရခိုင်ပြည်နယ်အတွင်း ထပ်မံသိမ်းသိမ်းပိုက်ခဲ့သည့်လေဆိပ်နောက်တစ်ခုမှာ အမ်းလေဆိပ်ဖြစ်သည်။

 

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နှင့် အမ်းလေဆိပ်တို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင့် အာရက္ခတပ်တော် (AA) ကသတင်းထုန်ပြန်ထားသည်။

 

ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်သိမ်းပိုက်ခဲ့သည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးလေဆိပ်ကို ကိုးကန့်တပ် MNDAA က ပြီးခဲ့သည့်နှစ် ဇူလိုင်ကုန်ပိုင်းက သိမ်းပိုက်ခဲ့သည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၏မြို့တော်ဖြစ်သည့် လားရှိုးမြို့တွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရ.မ.ခ) လည်းတည်ရှိပြီး MNDAA တပ်က ‘၁၀၂၇ စစ်ဆင်ရေး’ ဒုတိယလှိုင်းအဖြစ် ဇူလိုင်လဆန်းပိုင်းကစတင်တိုက်ခိုက်ခဲ့ပြီး တစ်လအတွင်းသိမ်းပိုက်နိုင်ခဲ့သည်။

 

ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ပူးပေါင်းအဖွဲ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့လေဆိပ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့တွင်သိမ်းပိုက်ခဲ့သည်။

 

ဗန်းမော်လေဆိပ်မှာ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စ.က.ခ ၂၁ အနီးတွင်တည်ရှိပြီး လေယာဉ်ပြေးလမ်းအနီးပတ်ဝန်းကျင်တွင် သံချပ်ကာတပ်ရင်းနှင့် အမြောက်တပ်များတည်ရှိသည်။

 

ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့အပါအဝင် လေယာဉ်ကွင်းနှင့် တပ်စခန်းအချို့ကို သိမ်းပိုက်ထားနိုင်ပြီး လက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်လျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၉၅ မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

 

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ