ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခန့်က မြေစာပြိုကျခဲ့သောကြောင့် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရတနာအဓိပတိကုမ္ပဏီလုပ်ကွက် ဒေသအခေါ် ဘဇံချောက်အတွင်း မြေစာပြိုကျခဲ့ခြင်းဖြစ်ပြီး ဘက်ဟိုးသုံးစီးနှင့်အတူ ရုပ်အလောင်းသုံးလောင်း ရှာဖွေတွေ့ရှိခဲ့သည်ဟု ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသူ တစ်ဦးက The 74 Media ကိုပြောသည်။

 

“အခုတွေ့တဲ့သူတွေကိုက ဘတ်ဟိုးထဲမှာပိတ်မိပြီး သေသွားတဲ့သူတွေဟုတ်တယ်။ သေဆုံးသွားသူရဲ့ မိသားစုဝင်တွေကိုလည်း အကြောင်းကြားထားပြီပြောတယ်။ ကုမ္ပဏီက ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးသွားမလဲတော့ မသိသေးဘူး”ဟုသူကပြောသည်။

 

လက်ရှိရုပ်အလောင်းတွေ့ရှိထားသူ သုံးဦးမှာ အသက် ၂၉ နှစ်အရွယ် ကိုဇေယျာဟိန်း၊ အသက် ၃၂ နှစ်အရွယ် ကိုဟန်ဝင်းအောင်နှင့် အသက် ၃၄ နှစ်အရွယ် ကိုဌေးနိုင်ဆိုသူတို့ဖြစ်ပြီး ရုပ်အလောင်းများကို ကုမ္ပဏီဝင်းအတွင်း ထားရှိထားကြောင်း သိရသည်။

 

ယခုရက်ပိုင်း မိုးရွာထားသောကြောင့် မြေစာပြိုကျခြင်းဖြစ်သည်ဟု စပေါ့ကျေးရွာနေ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောသည်။

 

“ဒီရက်ပိုင်းမိုးကလည်းရွာထားတာကြောင့်လေ မြေစာတွေက အိပြီးပြိုကျခဲ့တာနေမှာ အပေါ်ကနေ ကားကြီးတွေရောဖြတ်တော့ ဝိတ်ကများသွားတာလည်းပါတယ်။ ဒီမနက်ထိ မြေစာထဲပါသွားတဲ့သူတွေကို ရှာသေးတယ်” ဟုပြောသည်။

 

အဆိုပါ စပေါ့ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်ကလည်း နွံကန်ပေါက်ကျသောကြောင့် ကျေးရွာအတွင်း ရွံ့နွံများဖုံးသွားသဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအပါအဝင် ၃၂ ဦးသေဆုံးခဲ့ပြီး နေအိမ် ငါးဆယ်ကျော် ထိခိုက်ပျက်စီးခဲ့သည်။

 

ထိုနေ့ နံနက် ၁၁ နာရီခန့်ကလည်း စပေါ့ကျေးရွာထိပ်ရှိ လုပ်ကွက်ရေကန်တစ်ခုအနီးတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြေပြိုရာတွင် လူမနေသည့် နေအိမ်တစ်လုံပါသွားကြောင်းသိရသည်။

 

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ