ရေနစ်သူကို သွားရောက်ကယ်ဆယ်သည့် အလယ်တန်းကျောင်းသားတစ်ဦး ယမန်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က ချီဖွေမြို့ မေခဖြစ်တွင် သေဆုံးခဲ့ကြောင်းသိရသည်။
ကျောင်းသားများရေကူးနေချိန် ကျောင်းသားတစ်ဦးရေနစ်နေသဖြင့် သွားရောက်ကယ်ရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျောင်းပြေးပြီး ရေသွားချိုးသွားကြတာပေါ့ ကျောင်းနဲ့ရေနဲ့လည်း အရမ်းမဝေးဘူး၊ ချောင်းက ရေလမ်းကြောင်းပြောင်းသွားတာ ကလေးတွေကမသိတော့ ရေသွားကူးတာ။ ရေလမ်းကြောင်းပြောင်းတာကလည်း ရေလှောင်တမံ နုန်းထုတ်ရင်းနဲ့ ရေတော်တော်ဖောက်ချလိုက်တာ ရေလမ်းကြောင်းပြောင်းသွားလို့ အခုလိုဖြစ်လာတာ” ဟုသူကပြောသည်။

ချီဖွေရေအားလျှပ်စစ် ရေကာတာမှ ရေဖောက်ချထားခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးခဲ့သည့် အသက် ၁၄ နှစ်ခန့်အရွယ်ရှိ မောင်ယိန်းယော်၏ အလောင်းကို ဆက်လက်ရှာဖွေနေသော်လည်း လက်ရှိချိန်ထိ တွေ့ရှိသေးခြင်းမရှိကြောင်း သူကဆက်ပြောသည်။

ရေနစ်နေချိန်တွင် အနီးအနားရှိ စက်လှေသမားတစ်ဦးက သွားရောက်ကယ်ဆယ်ခဲ့သော်လည်း တစ်ဦးကိုသာ ဆယ်နိုင်ခဲ့ကြောင်း ချီဖွေဒေသခံတစ်ဦးက ပြောသည်။

“ကယ်တဲ့ကလေးက ရေမချိုးဘူး စက်လှေသမားတောင် ဝဲရှိလို့ သွားကယ်တာ တစ်ယောက်ပဲ ကယ်နိုင်တယ်။ အခုသေတဲ့ တစ်ယောက်က လုံးလုံးကို မပေါ်လာတော့ဘူး” ဟုသူကပြောသည်။

ချီဖွေမြို့ မေခမြစ်တွင် ၂၀၁၉ ခုနှစ်ကလည်း စစ်ရှောင်စခန်းမှ ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၃၅၀၀ ခန့်ရှိပြီး လူဦးရေ နှစ်သောင်းခန့်နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ