စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ နံနက် ၉ နာရီခန့်က မိုးဗြဲမြို့တွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Mobye People Defense Force မှ ယနေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ်ရှိ မိုးဗြဲမြို့သို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရကာ ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များမှ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA 1 – ၂ လက်၊ MA 2 – ၃ လက်၊ MA 3 – ၄ လက်၊ ငါးကြင်းမှီး – ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ ၇၉ ဗုံးသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ ၆၀ မမ ၃၃ လုံး၊ RPG ဗုံးသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည် ၂၀၈၀ ထောင့်၊ ဖုန်း ၄ လုံး၊ Keypad ဖုန်း ၁ လုံး၊ Tablet ၁ လုံး နှင့် ငွေသား ခြောက်သောင်းကျော် သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ တိုက်ပွဲကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော်(KA)၊ URF၊ နေပြည်တော် PDF နှင့် KGZ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး Mobye people defense force မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကို The 74 Media က ဆက်သွယ်မေးမြန်းခဲ့ရာ တိုက်ပွဲဝင်နေသောကြောင့် ဖြေကြားပေးရန် အဆင်မပြေသေးကြောင်း ပြောဆိုခဲ့သည်။

ကယားပြည်နယ် ဘောလခဲမြို့နယ် ဒေသအခေါ် ၁၂ မိုင်ကုန်းရှိ စစ်ကောင်စီစခန်းအနီးတွင် လွန်ခဲ့သော စက်တင်ဘာလ ၇ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ MA 3 – တစ်လက် သိမ်းဆည်းရမိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ