စစ်ကောင်စီစစ်ကြောင်းနှင့် တမူးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ နေ့လယ် နှစ်နာရီခန့်က စစ်ကိုင်းတိုင်း တမူးမြို့ပြင်တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တမူးမြို့ပြင်ရှိ ရွှေမြို့တော်ဆီဆိုင်ရှေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း All Burma Students’ Democratic Front မှ ရဲဘော် မိုက်ကယ်က The 74 Media ကိုပြောသည်။

“စစ်တပ်က သတင်းရတော့ ကားနဲ့ လက်နက်ကြီးတွေလည်းယူလာတယ်။ အဲ့မှာ ထိပ်တိုက်‌တွေ့ပြီး တိုက်ပွဲဖြစ်ကြတာပဲ။ ကျွန်တော်တို့ရှေ့မှာပဲ စစ်ကောင်စီက ရှေ့ပွိုင့် သုံးယောက်ကို အရင်ပစ်လိုက်တာ အဲ့မှာပဲ တစ်ယောက်လဲကျသွားတယ်” ဟု သူကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟုလည်း ‌တမူးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေက အိမ်ပေါ်ကနေ ဝဲနေတာပဲ။ ဘယ်အပြင်မှကို မထွက်ရဲဘူး။ သေနတ်သံတွေရော အချက်ပေါင်းမနည်းဘူး ကြားနေရတာ။ ဘယ်သူနဲ့ဘယ်သူတွေ တိုက်နေကြတာလဲ ဆိုတာကတော့ မသိဘူး။ ဘယ်အပြင်မှလဲမထွက်ဖြစ်ဘူး” ဟုပြောသည်။

တိုက်ပွဲကို All Burma Students’ Democratic Front (ABSDF)၊ BSO၊ FRT၊ Fighter Police နှင့် People Defence Force -Tamu တပ်ရင်း (၄) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

People Defence Force -Tamu တပ်ရင်း (၄) မှ ရဲ‌ဘော်တစ်ဦး လည်ပင်းတွင် လက်နက်ကြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

တမူး – အောင်ဇေယျလမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လွန်ခဲ့သော စက်တင်ဘာလ ၁ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ