ဝိုင်းမော် – ချီဖွေလမ်းပေါ်ရှိ လော့ဆာကျေးရွာအနီးတွင် ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ဆယ်ဘီးကားလေးစီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မန်ဒေါင်ကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“လော့ဆာအထွက် ရော်ဘာခြံနားမှာ ကားမိုင်းဆွဲခံလိုက်ရတာ မိုင်းလေးလုံးကွဲတာ နောက်ဆုံးကားက မိုင်းဆွဲခံလိုက်ရတာ ထိသွားတယ်” ဟုသူကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်သို့ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သူကဆက်ပြောသည်။

အင်အား ၇၀ ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ဆယ်ဘီးကားနှစ်စီးကိုလည်း လော့ဆာကျေးရွာ အနီးတွင်တွေ့ရှိခဲ့ကြောင်း အခြား မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

“ချီဖွေကနေဆင်းလာတဲ့အချိန်တွေ့တာ ဆယ်ဘီးကားအကြီးနှစ်စီး ကားအပြည့်ပဲ လမ်းမှာတွေ့လိုက်တာ။ ၁၃ မိုင်ဂိတ်က မင်းတို့ဘာကြားလဲ ဘာတွေ့လဲ မေးတာ ဘာမှမကြားဘူးလို့ ပြောလိုက်တယ်” ဟုသူကပြောသည်။

ကားမိုင်းဆွဲခံရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသော်လည်း The 74 Media က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ချီဖွေမြို့သို့ သွားရာလမ်းရှိ ဆနီခူးကျေးရွာအကျော်တွင်လည်း ယမန်နေ့က စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ