ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါ်ဂျာထွယ်ပန်

မေး – ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါဦး။

ဖြေ – ကျွန်မနာမည်ကတော့ မရန်ဂျာထွယ်ပန်ဖြစ်ပါတယ်။ မြစ်ကြီးနားမှာမွေးတယ် ဆယ်တန်းကို မြစ်ကြီးနားမှာအောင်ပါတယ်။ မနုဿဗေဒကို မန္တလေးရတနာပုံ တက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ်မှာ တက်ပြီး ဒဂုံတက္ကသိုလ်က ဘွဲ့ရပါတယ်။

ဘွဲ့ရပြီးပြီးချင်း တရုတ် မြန်မာနယ်စပ်မှာရှိတဲ့ မိဘမဲ့ကျောင်းတွေမှာ၊ အင်္ဂလိပ်စာသင်တဲ့ ကျောင်းတွေမှာ ဆရာမအနေနဲ့ စာသင်ခဲ့ပါတယ်။ မနုဿဗေဒ သုတေသန ပညာရပ်ကို ဆက်ပြီး ပညာသင်ကြားချင်တဲ့အတွက် အမေရိကကိုသွားခဲ့တယ် US ကနေ master ပြီး MA ဘွဲ့ယူခဲ့တယ်။ ၂၀၁၂ မှာမြန်မာနိုင်ငံကို ပြန်လာတယ် အဲ့အချိန်ဒီမှာက စစ်ဖြစ်နေတာ။

စစ်ဖြစ်နေတော့ မိုင်ဂျာယန်မှာရှိတဲ့ institute of liberal arts and sciences မှာ School of intensive english program မှာ ကျွန်မ၂၀၁၆ ခုနှစ်ထိ Director လုပ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကချင်ပြည်နယ်မှာရှိတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်၊ IDPs အထက်တန်းကျောင်းတွေမှာလည်း ဘုတ်အဖွဲ့ဝင် အနေနဲ့ ပါဝင်ခဲ့တယ်။

ကချင်အမျိုးသားပညာရေး အစီအစဉ်အနေနဲ့ ကျွန်မတို့ ကချင်ပြည်နယ်က ပညာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေတော်တော်များများနဲ့ အစည်းအဝေးတွေ အများကြီးလုပ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ concept တွေ၊ အတွေးအမြင်တွေ ဗဟုသုတတွေ ရခဲ့တယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ မနုဿဗေဒ ပညာနဲ့ပတ်သက်တဲ့ သုတေသနတွေ ဆက်လုပ်ခဲ့တယ်။ ကျွန်မ အနေနဲ့ အဆင့်မြှင့် တက္ကသိုလ် ပညာရရှိရေးနဲ့ ဖယ်ဒရယ်ပညာရေးစနစ် ရရှိရေးကို အရမ်းစိတ်အားထက်သန်ခဲ့တယ် ဝါဒနာပါခဲ့တယ်။

မေး – NUG ပညာရေးဝန်ကြီးဌာနမှာ ဒုဝန်ကြီးအနေနဲ့ ခန့်အပ်တာဝန်ပေးခဲ့ပုံနဲ့ ဆရာမအနေနဲ့ ဘာကြောင့် လက်ခံဖြစ်ခဲ့တယ်ဆိုတာကို ပြောပြပေးပါ။

ဖြေ – ကျွန်မက KPICT ကိုယ်စားပြုအနေနဲ့ ပါဝင်တာဖြစ်တယ်။ တကယ်တမ်းတော့ အရမ်းတော်နေလို့လည်း မဟုတ်ဘူး။ ဒါပေမယ့် ပထမတစ်ကြိမ်တုန်းကလည်း မြန်မာနိုင်ငံပြန်ရောက်ရောက်ချင်း စစ်ပွဲကာလမှာ ကျောင်းအုပ်အနေနဲ့ တာဝန်ယူခဲ့တယ်။ အခုနွေဦးတော်လှန်ရေးကာလမှာ နောက်တစ်ကြိမ်ပါဝင်ဖြစ်ဖို့ အကြောင်းဖန်လာတာပါ။

နှစ်ပေါင်းမြောက်များစွာ စစ်အစိုးရလက်အောက်မှာ နေလာခဲ့ရတယ်။ အခုက reset button နှိပ်လိုက်သလို ဖြစ်သွားတော့ ပြန်လည်ပြီးတော့ အများကြီး ထူထောင်ရမယ်။ တစ်နည်းအားဖြင့် ပြောရရင် ပြန်ထူထောင်ရာမှာ ကျွန်မပါဝင်ဖို့ စိတ်ဝင်စားတယ် အဲ့တာက တစ်ချက်။ နောက်ပြီးတော့ လူတွေလည်း အသက်တွေအများကြီး စတေးပြီး လုပ်နေကြတာ ကျွန်မလည်း ကိုယ့်ရှေ့မှာ ကျရာတာဝန်ကိုတော့ လုပ်ရမယ် ဆိုတဲ့ အသိလည်းရှိတယ်။

မေး – နွေဦးတော်လှန်ရေးမတိုင်ခင် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ဖြစ်နေတဲ့ အကြီးဆုံး ပြဿနာက ဘာဖြစ်မလဲ။

ဖြေ – မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာ နေရပြီး ပညာရေးစနစ်မှာ နောက်ကျခဲ့တယ်။ ပညာရေးက ပြုပြင်မယ်ဆိုလည်း အချိန်အများကြီး ယူရမယ် နေ့ချင်းညချင်း ပြုပြင်လို့မရဘူး။ NLD အစိုးရကလည်း ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းတယ်။ ဖယ်ဒရယ်သဘောတရားနဲ့ မတည်ဆောက်ထားတဲ့ နိုင်ငံမှာ ဖယ်ဒရယ်ပညာရေးစနစ် တည်ဆောက်လို့ မရဘူး။ ဒါပေမဲ့ သူတို့ရဲ့ frame ကိုက ဖယ်ဒရယ် ပြည်ထောင်စုကို ဦးတည်တဲ့ frame မဟုတ်ဘူး။

NLD ရဲ့ ပညာရေးစနစ်ကတော့ ဗဟိုချုပ်ကိုင်မှုတွေ နည်းအောင်လို့ မူဝါဒတွေချမှတ်ထားတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ လုပ်လို့မရဘူးဖြစ်နေတယ်၊ ဘာကြောင့်လဲဆိုရင် ၂၀၀၈ အခြေခံဥပဒေ ကိုယ်၌က ဗဟိုမှာ အာဏာအများစုပေးထားတယ်။ အဲ့ဒါတွေလည်းဆိုင်တယ်။ Academic Freedom တွေရှိဖို့ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့ ဆိုတာ လက်တွေ့မှာ အကောင်ထည်ဖော်ဖို့ မလွယ်ဘူး။ ဒါကြောင့်မို့ ကျွန်မတို့ frame ကိုပြောင်းရမယ်။ ပညာရေးအနေနဲ့ကလည်း ဖယ်ဒရယ် education law အသစ်တွေ ပြဌာန်းထားရမယ် အဲ့လိုမျိုးတွေ ကျွန်မ နားလည်ထားပါတယ်။

မေး – CDM ဝန်ထမ်းများတဲ့ ဆရာမတို့ ဝန်ကြီးဌာနအနေနဲ့ CDM တွေအတွက် ဘာတွေ စတင်လုပ်ဆောင်သွားဖို့ရှိမလဲ။

ဖြေ – ပညာရေးဝန်ကြီးဌာနကတော့ CDM များတော့ သူတို့ အနှိပ်ကွပ်ဆုံးပေါ့၊ သူတို့နည်းအမျိုးမျိုးနဲ့ သူတို့ ခြိမ်းခြောက်နေတာပေါ့ blacklist သွင်းမယ်ပေါ့လေ။ အဲ့တာကိုကြည့်ခြင်းအားဖြင့် သူတို့က ဆရာ၊ ဆရာမတွေရဲ့ အလုပ်ကို သူတို့ ဘယ်လောက်တောင် လုပ်စေချင်လည်း၊ ဘယ်လောက် လိုအပ်နေလည်းဆိုတာ သိသာပါတယ်။

အခုလောလောဆယ်တော့ CDM တွေရဲ့ အရေးနဲ့ ပတ်သက်ပြီးတော့လည်း အားလုံးရဲ့ အသံတွေလည်း နားထောင်ပါတယ်။ အားလုံးကိုလည်းလေးစားပါတယ်။ ကျွန်မတို့ ဒီတော်လှန်ရေးတစ်ခုလုံးက CDM ဝန်ထမ်းတွေရဲ့ ပါဝင်မှုအပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်၊ လှုပ်ရှားနေတာဖြစ်တယ်။ ကျွန်မတို့လည်း နိုင်ငံတကာ အကူအညီ ရဖို့လည်းကြိုးပမ်းနေပါတယ်။ ပြီးတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ပညာရေးအစီအစဉ်တွေကို online ကနေ ပေးဖို့အတွက်လည်း စီစဉ်နေပါတယ်။

နောက်တစ်ခုက ကျွန်မတို့လုပ်နိုင်မယ့် အရာတွေကို ကြည့်နေပါတယ် ဖယ်ဒရယ် ပညာရေးကို တကယ် အကောင်ထည်ဖော်ပြီဆိုရင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချရတော့မယ်။ အခုကနေစပြီးတော့တောင်မှ လုပ်နိုင်တဲ့ အရာတွေရှိပါတယ် ဘာဖြစ်လို့ဆိုရင် ပညာရေးကို လုပ်နေတဲ့ provider တွေ အများကြီးရှိပါတယ်။ CSO တွေရှိတယ် community က သူတို့ကိုယ်သူတို့ organize လုပ်ပြီးမှ စဖွင့်ထားတဲ့ ကျောင်းတွေရှိတယ်၊ ပြီးတော့ ဘုန်းတော်ကြီးအခြေခံပညာရေးရှိတယ်၊ အသင်းတော်အခြေပြု ပညာရေး တွေရှိတယ်ပေါ့။ community ကဖွင့်နေတဲ့ကျောင်းတွေရှိတယ်။ ပြီးရင်လည်း အခြေခံပညာ၊ အဆင့်မြင့်ပညာအားလုံးကို ဗဟိုကနေ ကိုင်ထားရမှာမဟုတ်ဘူး။

ဗဟိုက ဘယ်လို standard နဲ့သွားမယ်ဆိုတာကို ညှိပေးရမှာ ကြည့်ရမှာကိုး အခု ဖယ်ဒရယ် ပညာရေးစနစ်မှာကကျွန်မတို့လည်း အဲ့ဒါကိုဆွေးနွေးနေတယ်ပေါ့နော်။ အခုကတည်းက ဖယ်ဒရယ် ပညာရေးစနစ်ပုံစံကို ဘယ်လို ကျင့်သုံးမလဲဆိုတာကို အဖြေရှာနေပါတယ်။

မေး- စစ်အာဏာရှင် စနစ်ကို ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ ဒီနေ့တိုင် ဆန့်ကျင်နေတဲ့ ဆရာ ဆရာမတွေနဲ့ လူငယ်တွေကို ဆရာမအနေနဲ့ဘာများပြောချင်လဲ

ဖြေ- သူတို့ကတော့ ဒီတော်လှန်ရေးရဲ့ တကယ့် အသက်သွေးကြောဖြစ်တယ်၊ သူတို့ရဲ့ စွန့်လွတ်စွန့်စားခြင်း အခြေခံ အပေါ်မှာဘဲ ကျွန်မတို့က တော်လှန်ရေးကိုဆက်ပြီးမှ လုပ်ရတာဖြစ်တယ်။ ကျွန်မတို့ သိပ်တော့မကြာတော့ပါဘူး တော်လှန်ရေးမှာ အားလုံးပါဝင်ရင် ခဏလေးနဲ့ မြန်မြန်ဆန်ဆန် အောင်မြင်မှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး – ပညာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိနေတဲ့ ပြည်သူလူထုကို သတင်းစကားပါးချင်တာဆို ဘာများရှိမလဲ။

ဖြေ – မြန်မာနိုင်ငံတစ်ဝှမ်းက ပြည်သူတွေကိုအများကြီးပြောချင်တယ် ဖယ်ဒရယ်ပညာရေးစနစ်ဆိုတာ အားလုံးအတွက် အကျိုးရှိပါတယ်။ တိုင်းရင်းသားတွေ အတွက်ပဲမဟုတ်ဘူး အားလုံးအတွက် အကျိုးရှိပါတယ်။ ဗဟိုအစိုးရကလည်း ဝန်လျော့သွားမှာ ဖြစ်တယ်။ ကိုယ့်ပြည်နယ်ရဲ့ ပညာရေးစနစ်တစ်ခုလုံးကလည်း efficient ပိုဖြစ်လာမှာပါ။ ပြီးတော့ ဒီဖယ်ဒရယ်ပညာရေးစနစ်က ဘာဖြစ်လို့ကောင်းတယ်။ ကျွန်မတို့နိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဘယ်လိုကောင်းတယ်ဆိုတဲ့အကြောင်းတွေကို ပြည်သူလူထုကို ချပြသွားမှာဖြစ်တယ်။ တိုက်တွန်းနိုးဆော်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။

နောက်တစ်ခု လေ့လာနေတာက ဗဟိုနဲ့ ပြည်နယ်နဲ့ အာဏာခွဲဝေရေးက ဖွဲ့စည်းပုံထဲမှာလည်း ပါလာမှာပါ။ အဲ့တာကလည်း အရေးကြီးပါတယ်။ ပညာရေးစနစ်ကလည်း အဲ့အတိုင်းပဲဖြစ်လာမှာပါ။ ပြည်နယ်တွေ ကိုယ့်ရဲ့ ပညာရေးစနစ်ကို ကိုယ်ဖန်တီးနိုင်တဲ့ အခြေအနေရောက်ဖို့အတွက် ပြင်ဆင်မှုတွေအများကြီး လုပ်ရပါဦးမယ်။ အဲ့ဒီအခြေအနေရောက်လာဖို့လည်း မျှော်လင့်နေပါတယ်။

သင့်ထင်မြင်ချက်ရေးပေးပါ