ပူတာအို လုံရှာယန်ကျေးရွာတွင် တောင်ယာစပါးများကို ကျိုင်းကောင်များ ဖျက်ဆီးခဲ့သဖြင့် ဒေသခံများ အခက်ကြုံ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာရှိ တောင်ယာစပါးနှင့် သစ်သီးပင်များကို ဩဂုတ်လမှ စတင်၍ ကျိုင်းကောင်ဖျက်ဆီးနေသဖြင့် ဒေသခံများစပါးရိတ်သိမ်းစရာ မကျန်သည်အထိ ကြုံတွေ့နေရသည်ဟု သိရသည်။

တောင်ယာစပါးခင်းများတွင် ကျိုင်းကောင်များက စပါးနှင့် သီးပင်စားပင်များအားလုံးကို ကိုက်ဖြတ်စားသောက်ခဲ့သဖြင့် ဒေသခံများအခက်အခဲကြုံနေရသည်ဟု တောင်သူတစ်ဦးက The 74 Media ကိုပြောသည်။
ပူတာအို လုံရှာယန်ကျေးရွာတွင် တောင်ယာစပါးများကို ကျိုင်းကောင်များ ဖျက်ဆီးခဲ့သဖြင့် ဒေသခံများ အခက်ကြုံ
“ခါတိုင်းနှစ်တွေရဲ့ လေးပုံတစ်ပုံလောက်ပဲရသေးတယ် ရိတ်စရာတောင်မရှိဘူး ဖြစ်နေတာ။ စပါးပဲမဟုတ်ဘူး တွေ့တာအားလုံးစားတယ် အရွက်လည်းစားတယ်။ ဘယ်ကနေရောက်လာတဲ့ ကျိုင်းကောင်လဲမသိဘူး များတယ် လူဖြတ်သွားရင် ဖြုတ်ဖြုတ်ဆို လေတိုက်သလိုပဲ။ ခြောက်လိုက်ရင် ၁၀ ပေလောက်တော့ပျံတယ် အဝေးကြီးလည်း မပျံဘူး” ဟုသူကပြောသည်။
ကျိုင်းကောင်သည် တစ်လက်မ မှ နှစ်လက်မ အရွယ်ခန့်ရှိပြီး စပါးစားသော(အူဗျစ်)ငှက် ကဲ့သို့ အချိန်ပြည့်ကိုက်ဖြတ်စားသောက်နေခြင်းဖြစ်ကာ ဓါးရိုးတစ်ချောင်းကို အချိန် နှစ်နာရီအတွင်း ပြတ်လုပြတ်ခင် အခြေအနေအထိဖျက်ဆီးထားကြောင်း သူကဆက်ပြောသည်။
တောင်ယာစပါးအထွက်နှုန်းကျဆင်းလာသောကြောင့် လယ်စပါးကို အားထားနေကြသည့် လုံရှာယာန် ဒေသခံများသည် လယ်စပါးခင်းတွင်လည်း ကျိုင်းကောင်အန္တရာယ်ကျရောက်မည်ကို စိုးရိမ်သောကြောင့် ဒေသတွင်းရိုးရာနည်းဖြင့်သာ ဖြေရှင်းနေကြသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
“ဖြေရှင်းတာတော့ ကိုယ်နည်းကိုယ့်ဟန်နဲ့ တစ်ချို့ကတော့ ကချင်လို ကဝါးဆောင်းသုံးတယ်၊ သစ်ငုတ်ပင်တွေမှာ ငါးပိ ထားတဲ့သူတွေထား အနံ့ထွက်တဲ့ဟာ ရှို့ကြတယ်လို့ပြောတယ်၊ နံတယ်ဆိုပြီးမှ အနံ့နဲ့ ထွက်ပြေးကြတယ်လို့ ပြောလို့ လုပ်ကြတဲ့သူတွေပေါ့” ဟုသူကပြောသည်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာသည် ကချင်လူမျိုး အိမ်ထောင်စု (၉၀) ခန့် နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်ပြီး တောင်ယာနှင့် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ